Saturday, February 15, 2014

Auto CAD နှင့် Draft Man တစ်ဦး၏ အလုပ်အကိုင်များအကြောင်း



Auto CAD ဆိုတဲ့နာမည်လေးကိုတော့ နည်းပညာကိုထိတွေ့တဲ့လူငယ်တွေရော နည်းပညာနဲ့ မထိတွေ့ရသေးတယ်လူငယ်တွေပါ သိရှိကြတဲ့နာမည်တစ်ခုဖြစ်ပါတယ်။ Auto CAD သမား (တနည်းအားဖြင့်) Draft man တွေဟာ မကြာသေးတဲ့ နှစ်အနည်းငယ်က အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာရရှိခဲ့ကြပြီး၊ လက်ရှိအချိန်ထိ လုပ်သားလိုအပ်ချက်ရှိနေတဲ့ ပညာရပ် တစ်ခုဖြစ်ပါတယ်။ Auto CAD အကြောင်းကို လူအများစုသိရှိကြပြီးဖြစ်ပေမယ့်၊ သူ့ သမိုင်းနဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတော့ ဗဟုသုတအဖြစ်နဲ့ ထပ်မံ မိတ်ဆက်ပေးချင်ပါတယ်။
          Auto CAD Software ကိုတော့ Autodesk Inc. ကထုတ်လုပ်တာဖြစ်ပြီး Engineering Drawing Software အမျိုးအစားတစ်ခုဖြစ်ပါတယ်။
Auto CAD ဆိုတဲ့ စကားစုမှာ CAD ရဲ့ အဓိပ္ပါယ်ကတော့ Computer-Aided Design ဖြစ်ပါတယ်။ Auto CAD ရဲ့ အစကတော့ ၁၉၇၇ ခုနှစ်က အခြေပြုခဲ့တာဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်မှာ Interact CAD အဖြစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ နာမည်အရင်းဖြစ်တဲ့ Auto CAD အဖြစ်နဲ့ Initial Release ကိုတော့ Autodesk က ၁၉၈၂ ခုနှစ် ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ လက်ရှိဆိုရင်တော့ နှစ်ပေါင်း (၃၁) နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် Microsoft Windows, Mac OS X, Ubuntu (from Auto CAD 2013) အပါအ၀င် ၂၀၁၀ ခုနှစ်က စတင်ပြီး Mobile Platform တွေဖြစ်တဲ့ iOS နဲ့ Android ပေါ်မှာပါ အသုံးပြုနိုင်ဖို့အတွက် ဖန်တီးထားပြီဖြစ် ပါတယ်။ Auto CAD ရဲ့ လက်ရှိနောက်ဆုံးထွက် Version ကတော့ Auto CAD 2014 ဖြစ်ပြီး၊ Autodesk ရဲ့ ၁၈ ခုမြောက် Generation ဖြစ်ပါတယ်။ Mobile Platform အတွက်နောက်ဆုံး Version ကတော့ Auto CAD 360 ဖြစ်ပါတယ်။ Auto CAD ရဲ့ မူရင်း File Format ကတော့ .dwg ဖြစ်ပါတယ်။

          Auto CAD ရဲ့ ထုတ်လုပ်မှုအစမှာတော့ Version 1.0 အဖြစ်နဲ့စတင်ခဲ့တာဖြစ်ပြီး၊ ၁၉၉၇ ဖေဖော်ဝါရီရဲ့ Auto CAD Version 14 အပြီးမှာတော့ ထုတ်လုပ်မှုအမည်ကိုပြောင်းခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် မတ်လမှာ ဖြန့်ချိပေးခဲ့တဲ့ Auto CAD 2000 ကစလို့ ခုနှစ်သက္ကရာဇ်အမည်နဲ့ တွဲဖက်ထုတ်လုပ် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကစတင်ကာနှစ်စဉ် Version အသစ်များကို ထုတ်လုပ်ပေးခဲ့ပြီး၊ နောက်ဆုံးထွက် Version ကိုတော့ ၂၀၁၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က Auto CAD 2014 အဖြစ် အသုံးပြုသူများထံ မိတ်ဆက်ခဲ့ပါတယ်။ Auto CAD 2014 မှာတော့ ဘာသာစကားအနေနဲ့ English, German, French, Italian, Japanese, Spanish, Korean, Chinese Simplified, Chinese Tradational နဲ့ Brazilian Potuguese တို့နဲ့ ထုတ်ဝေပေးခဲ့ပါတယ်။ နောက်ထပ် ဘာသာစကားများ အဖြစ်နဲ့ Russian, Czech, Polish, Hungarian တို့ကိုလည်းဆက်လက် ထုတ်ဝေသွားဖို့ စီစဉ်နေကြ ပါတယ်။
          Auto CAD ဟာ ပိုမိုကောင်းမွန်တဲ့အရေအသွေးတွေနဲ့အတူ Engineering Drawing လောကမှာ ရပ်တည်လျက်ရှိနေပါတယ်။ နှစ်တစ်နှစ်ရဲ့ မတ်လတိုင်းမှာ Version အသစ်တွေကို ထုတ်လုပ်လေ့ရှိပြီး အကောင်းဆုံး ထောက်ပံ့မှုတွေနဲ့အတူ နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ်။ Auto CAD မှာ ကွဲပြားတဲ့ Program တွေရှိပြီး ဗဟုသုတအဖြစ်နဲ့ ဖော်ပြပေးရမယ်ဆိုရင်တော့ Auto CAD Architecture, Auto CAD Electrical, AutoCAD ecscad, Auto CAD Map 3D, Auto CAD Mechanical, Auto CAD MEP, Auto CAD Structural Detailing, Auto CAD Utility Design, Auto CAD P & ID, Auto CAD Plant 3D တို့ဖြစ်ကြပါတယ်။ Auto CAD ဟာ Engineering Drawing လောကမှာတော့ 2D, 3D ပုံတွေဖန်တီးမှုတိုင်းမှာ ရှေ့တန်းနေရာက ရပ်တည်နေတဲ့ Software အမျိုးအစားအဖြစ်ရပ်တည်နေပါတယ်။
          လက်ရှိ Engineering လုပ်ငန်းခွင်အတော်များများမှာတော့ Draft Man တွေဟာ မရှိမဖြစ် လိုအပ်ချက်တစ်ခုအဖြစ်နဲ့ရပ်တည်နေပြီး၊ Auto CAD ဟာလည်း Engineering Drawing Software တွေထဲမှာ အသုံးပြုမှုအများဆုံးဖြစ်ပါတယ်။ Draft Man တစ်ဦးဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ နေရာတစ်ခုရတဲ့ ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး၊ လစာ မြင့်မားတဲ့ ပညာရှင်တွေလည်းဖြစ်ကြပါတယ်။ ပြည်တွင်းလုပ်ငန်းခွင်တွေမှာတော့ Construction, Furniture Industry တို့မှာ လုပ်ငန်းလိုအပ်ချက် အရ Draft Man တွေကို ခန့်ထားမှုများပြားပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုအပါအ၀င် လုပ်သက်အလိုက် လစာရရှိမှုကွာခြားချက်ရှိနေပြီး၊ အခြေခံလစာအဖြစ် ကျပ် ၁၅၀၀၀၀ ၀န်းကျင်ရရှိကြ ပါတယ်။ ပြည်ပလုပ်ငန်းခွင်တွေမှာတော့ ပိုမိုပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကိုတွေ့ရပြီး Auto CAD အပြင် Micro-Station လိုမျိုး Software တွေကိုအသုံးပြုနိုင်ဖို့ပါ လေ့လာသင်ယူရမှာဖြစ် ပါတယ်။ Draft Man တစ်ယောက်အနေနဲ့ ICDL လိုမျိုးကိုဖြေဆိုအောင်မြင်ထားမယ်ဆိုရင်တော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ပိုမိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကိုဖန်တီးနိုင်မှာဖြစ် ပါတယ်။

No comments:

Post a Comment

Pandora Dream ရဲ့ရေးသားမှုများ....