PHP ဆိုသည်မှာ
PHP ဖိုင်တွေကို Plain Text အမျိုးအစားဖြစ်ပြီး
HTML Tags, Scripts တွေနဲ့ ရောနှောရေးသားနိုင်မှာဖြစ်ပါတယ်။ PHP ကို Execute ပြုလုပ်ပြီးချိန်မှာတော့
Plain HTML ပဲရရှိမှာဖြစ်ပါတယ်။ PHP ရဲ့ Extension တွေကို ဖော်ပြရမယ်ဆိုရင်တော့
.php, .php3, .phtml တို့ဖြစ်ပါတယ်။ PHP ဟာ Cross-platform အမျိုးအစားဖြစ်ပြီး OS အမျိုးအစားများစွာပေါ်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်အားသာချက်တစ်ခုအနေနဲ့က PHP ဟာဆိုရင် Web Server အားလုံးနီးနီးနဲ့ တွဲဖက်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။
PHP ကိုလေ့လာလိုသူများအနေနဲ့ PHP ရဲ့ Official Site ဖြစ်တဲ့ www.php.net မှတစ်ဆင့် လေ့လာနိုင်မှာဖြစ်ပါတယ်။ PHP ရဲ့ အဓိကပြိုင်ဖက်ကတော့
Microsoft ရဲ့ Active Server Pages (ASP) ဖြစ်ပြီး၊ PHP ကို Web Site ပေါင်း သန်း နှစ်ဆယ်ကျော်နဲ့
Web Server ပေါင်း တစ်သန်းကျော်က အသုံးပြုထားပါတယ်။ PHP အသုံးပြုထားတဲ့ Software
Package တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးရမယ်ဆိုရင်တော့ MediaWiki, Joomla,
Wordpress နဲ့ Drupal တို့က PHP ကိုအသုံးပြုထားကြပါတယ်။
PHP ရဲ့ သမိုင်း
PHP ကို ၁၉၉၅ ခုနှစ်မှာ Rasmus
Lerdorf ကဖန်တီးခဲ့ပါတယ်။ PHP ဟာအခမဲ့ရယူနိုင်တဲ့ Free Software အဖြစ် PHP License
အောက်မှာ တည်ရှိပါတယ်။ PHP ရဲ့ နာမည်အရှည်ကတော့ PHP: Hypertext Preprocessor ဖြစ်ပါတယ်။
PHP ကိုအစပိုင်းမှာတော့ လူတိုင်းက Personal Home Page အဖြစ်လူသိများခဲ့ကြပါတယ်။
PHP ဟာ ၁၉၉၅ ခုနှစ်မှာဖန်တီးတယ်ဆိုပေမယ့် ၁၉၉၄ ခုနှစ်ကတည်းကအစပြုခဲ့တာဖြစ်ပါတယ်။
Programmer Rasmus Lerdorf ဟာ Perl Script တွေကိုပေါင်းစပ်ဖန်တီးပြီး Personal
Home Page Tools လို့ခေါ်ဆိုခဲ့ပါတယ်။ ဒီ Script တွေကို Lerdorf ဟာ Personal
Homepage တွေပြင်ဆင်ဖို့အတွက်ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ Lerdorf ဟာ ၁၉၉၅ ခုနှစ်ရဲ့
ဇွန်လ ၈ ရက်နေ့အရောက်မှာတော့ သူဖန်တီးခဲ့တဲ့ PHP ကိုဆွေးနွေးဖို့အတွက် အဖွဲ့အစည်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။
Lerdorf ဟာ သူ့ရဲ့ Script တွေကိုနောက်တစ်ကြိမ်ထပ်မံရေးသားခဲ့ပြီး
Web Forms အနေနဲ့အသုံးပြုရအဆင်ပြေစေဖို့ထပ်မံပြင်ဆင်ခဲ့ပါ တယ်။ Database တွေနဲ့ချိတ်ဆက်တဲ့နေရာမှာ
ပိုမိုအဆင်ပြေစေခဲ့ပြီး ဒါကို Personal Home Page/ Forms Interpreter (PHP/FI) လို့ခေါ်ဆိုခဲ့ပါတယ်။
PHP/FI ဟာဆိုရင် ရိုးရှင်းတဲ့တည်ဆောက်ပုံနဲ့ Dynamic Web Application တစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ၁၉၉၅ ခုနှစ် ဇွန်လမှာ မိတ်ဆက်ပေးခဲ့တာကို PHP Tools Version 1.0
လို့ခေါ်ဆိုခဲ့ပါတယ်။ အဆိုပါ Version 1.0 ဟာ လက်ရှိအချိန်ထိ PHP ရဲ့ ကျောရိုးအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်။
Version 1.0 မှာဆိုရင် Perl နဲ့တူညီတဲ့ Variables တွေပါဝင်ပြီး၊ Form Handling နဲ့အတူ
HTML နဲ့ တွဲဖက် သုံးစွဲနိုင်ဖို့စနစ်တွေပါဝင်နေပါတယ်။ ဒါဟာ Perl နဲ့ဆင်တူတယ်လို့ဆိုနိုင်ပေမယ့်
ပိုမိုရိုးရှင်းတဲ့တည်ဆောက်ပုံနဲ့အတူ ကန့်သတ်ချက်များလည်း ပါဝင်နေ ပါတယ်။ Lerdorf ဖန်တီးခဲ့တဲ့
PHP အဖွဲ့အစည်းလေးဟာ မကြာမှီအချိန်အတွင်းမှာပဲ Beta အတွက်ဖန်တီးမှု စမ်းသပ်မှုတွေကိုပြုလုပ်ခဲ့ပြီး၊
Officially Released PHP/ FI 2.0 ကို ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။
အစ္စရေး Developers နှစ်ယောက်ဖြစ်တဲ့
Zeev Suraski နဲ့ Andi Gutmans တို့ဟာ ၁၉၉၇ ခုနှစ်မှာပဲ PHP 3.0 အတွက် အခြေခံစနစ်ကို
ရေးသားခဲ့ပါတယ်။ Language ရဲ့ နာမည်ကိုလည်းပြောင်းလဲခဲ့ပြီး လက်ရှိခေါ်ဆိုတဲ့ PHP:
Hypertext Preprocessor အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြ ပါတယ်။ PHP 3.0 ကို လူအများစမ်းသပ်အသုံးပြုနိုင်ဖို့အတွက်
စတင်ချထားပေးခဲ့ပြီး Official ကိုတော့ ၁၉၉၈ ခုနှစ်ရဲ့ ဇွန်လမှာ ထုတ်ပြန်ပေးခဲ့ပါတယ်။
Suraski နဲ့ Gutmans တို့ဟာ PHP ကို ထပ်မံပြင်ဆင်ရေးသားခဲ့ပြီး Zend Engine ကိုလည်း
၁၉၉၉ ခုနှစ်မှာ ဖန်တီးနိုင်ခဲ့ပါတယ်။ Zend Technologies ကိုပါတစ်ပါထဲ ဖန်တီးခဲ့ကြပါတယ်။
PHP 2.0 ကနေ PHP 3.0 ကိုပြောင်းလဲတဲ့နေရာမှာတော့ အခက်အခဲတွေများစွာရှိခဲ့ပြီး PHP
2.0 မှာအလုပ်လုပ်တဲ့ အပိုင်းတွေဟာ PHP 3.0 မှာ အလုပ်မလုပ်တဲ့အဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။
PHP 3.0 ရဲ့အောင်မြင်မှုအနေနဲ့ကတော့ Perl Developer တွေဟာ PHP ဖက်ကိုကူးပြောင်းလာခဲ့ကြပါတယ်။
၂၀၀၀ ခုနှစ်ရဲ့ မေလ ၂ ရက်နေ့မှာတော့
Zend Engine 1.0 နဲ့အတူ PHP 4.0 ထွက်ရှိခဲ့ပါတယ်။ PHP 4.0 မှာဆိုရင် PHP ရဲ့ အဓိကကျတဲ့
အစိတ်အပိုင်းအတော်များများကို မြှင့်တင်ခဲ့ပြီး၊ ပြောင်းလဲမှုတိုင်းဟာလည်း PHP
Developer တွေအတွက် ပိုမိုလွယ်ကူလာခဲ့ပါတယ်။ PHP 4.0 ရဲ့ အဓိကအကျဆုံးအပြောင်းအလဲကတော့
အထက်မှာဖော်ပြခဲ့တဲ့ Zend Engine ကိုကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။ Zend ဆိုတာကတော့
Developer နှစ်ယောက်ရဲ့ နာမည်တွေဖြစ်တဲ့ ZEev နဲ့ aNDi တို့ကိုပေါင်းစပ်ထားတာဖြစ်ပြီး၊
PHP ဟာဆိုရင် Corporate လောကမှာ နာမည်ရလာခဲ့ပါတယ်။ Zend Engine အနေနဲ့ PHP ရဲ့
Core မှာ Reference Counting ဆိုတဲ့ အစိတ်အပိုင်းတစ်ခုကို ပေါင်းစပ် ထည့်သွင်းခဲ့ပြီး
PHP မှာ အသုံးပြုတဲ့ Resources (Database Connection, Files, etc.) တွေနဲ့ ပတ်သက်တဲ့
အချက်အလက်တွေကို မှတ်သားခြင်း၊ အသုံးမပြုတော့ အချိန်တွင် ရှင်းလင်းခြင်း၊ Memory အသုံးပြုခြင်း
ပမာဏကို လျော့ချခြင်း၊ Memory အသုံးပြုမှုမှာ ဟာကွက် မရှိအောင် ထိန်းကျောင်းခြင်း စတာတွေ
ပြုလုပ်ပေးပါတယ်။
PHP ဟာ 3.0 အထိ “execute while
interpreting” ဆိုတဲ့စနစ်ပေါ်မှာအခြေခံခဲ့တာဖြစ်ပါတယ်။ သဘောတရားအနေနဲ့ကတော့ ရေးသားသူ
Developer နဲ့ Machine ကိုတစ်ပြိုင်နက် နားလည်အောင်ရေးသားသွားတဲ့အနေအထားမျိုးဖြစ်ပါတယ်။
ဒီနေရာမှာတော့ Coding တွေများလာတဲ့အခါမှာ Coding တစ်ကြောင်းကိုနှစ်ခါပြန်ဖတ်တာ၊ နှစ်ခါ
ဘာသာပြန်မိတာတို့ ဖြစ်သွားလေ့ရှိပါ တယ်။ ဒီအခက်အခဲတွေအတွက် PHP 4.0 အရောက်မှာတော့
“Comiple First, Execute Later” ဆိုတဲ့ စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ ဒီနည်းစနစ်မှာတော့
Machine အတွက်ကို ပထမအနေအထားမှာ စဉ်းစားပြီး၊ ပြီးဆုံးချိန်ရောက်မှသာ လူအတွက်
Result ထုတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် PHP 4.0 အရောက်မှာတော့ PHP ဟာ
Interpreter ကနေ Compiler အဆင့်ကိုကူးပြောင်းခဲ့တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ အဆိုပါပြောင်းလဲမှုရဲ့
အကျိုးဆက်အနေနဲ့ကတော့ ယခင် ဗားရှင်းအဟောင်းတွေထက် PHP 4.0 ကို ၁၀၀ ရာခိုင်နှုန်းလောက်ကို
ပိုမိုမြန်ဆန်လာခဲ့ပါတယ်။ PHP 4.0 ကို 5.0 ပေါ်ထွက်ပြီးနောက်ထပ် ၂ နှစ်ဝန်းကျင်ထိ အထောက်အပံ့ဆက်လက်ပေးထားခဲ့ပါသေးတယ်။
၂၀၀၅ ခုနှစ် ဇူလိုင်
၁၃ ရက်နေ့မှာတော့ PHP 5.0 ထွက်ပေါ်လာခဲ့ပြီး Zend Engine II ပေါ်မှာအခြေပြုထားပါတယ်။
PHP 5.0 မှာ အသစ်အသစ်သော လုပ်ဆောင်ချက်များပါဝင်လာခဲ့ပြီး၊ Object-oriented
Programming (OOP) ကို အထောက်အပံ့ပေးထားပါတယ်။ ၂၀၀၈ ခုနှစ်အရောက်မှာတော့ PHP 5.0 ဟာ
Stable Version အဖြစ်ရပ်တည် နိုင်ခဲ့ပြီး၊ Version 5.3 ကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်။
PHP 5.0 ဟာဆိုရင် နှစ်များစွာတိုင်အောင် ရပ်တည်ခဲ့ပြီး၊ PHP 6.0 အတွက်လည်း အခြေပြုစနစ်တစ်ခု
ဖြစ်ခဲ့ပြီး PHP 6.0 မှာတော့ Unicode ကိုအပြည့်အ၀ အထောက်အပံ့ပေးနိုင်ဖို့ တွက်ဆခဲ့ကြပါတယ်။
PHP 5.4 အရောက်မှာပဲ Unicode ကို အထောက်အပံ့ ပေးခဲ့ပြီး၊ PHP တစ်ခေတ်ကိုဆန်းသစ်စေခဲ့ပါတယ်။
No comments:
Post a Comment