Friday, November 30, 2012

CMS (Content Management System) အကြောင်း


                CMS ဆိုတာကတော့ ကွန်ပျူတာ ပရိုဂရမ်တစ်ခုလို့ဆိုနိုင်ပြီး၊ ဖော်ပြခြင်း၊ ပြုပြင်ခြင်း၊ အကြောင်းအရာများကိုတည်းဖြတ်ခြင်း အစရှိတာတွေကို တစ်နေရာထဲကနေပြုလုပ်နိုင်ဖို့အတွက် စီစဉ်ထားတဲ့ Program တစ်ခုဖြစ်ပါတယ်။ CMS မှာ သုံးမျိုးသုံးစားခွဲခြားနိုင်ပြီး
                1. Enterprise Content Management Systems
                2. Web Content Management Systems
                3. Component Content Management Systems   
တို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အထက်ပါ CMS အမျိုးအစားသုံးခုထဲကနေ Web Content Management Systems တွေအကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 


                Web CMS ဆိုတာကတော့ Stand-Alone Web Application တစ်ခုလို့ဆိုနိုင်မှာဖြစ်ပြီး၊ Web Site တစ်ခုအတွက်အရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ဖန်တီးခြင်း၊ ထိန်းချုပ်ခြင်းတို့အပါအ၀င် Web Site တစ်ခုရဲ့လုပ်ဆောင်ချက် တွေအားလုံးကို တစ်နေရာထဲကနေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Web Site တစ်ခုဖန်တီးတဲ့နေရာမှာအလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံးဟာ CMS ပဲဖြစ်ပါတယ်။ Web CMS တွေထဲက Wordpress, Joomla, Dupral နဲ့ MODx တို့အကြောင်းတွေကိုဖော်ပြပေးမှာဖြစ်ပြီး၊ Online (or) Offline မှ CMS Web Site တစ်ခုဖန်တီးပုံကိုပါဖော်ပြပေးမှာဖြစ်ပါတယ်။

Wordpress

                Wordpress အကြောင်းကိုတော့ နည်းပညာလေ့လာသူအများစုသိရှိပြီးသားဖြစ်မှာပါ။ CMS Package တစ်ခုဖြစ်ပြီး လူသုံးများတဲ့ Web CMS အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Wordpress ရဲ့အားသာချက်ကတော့ လုံခြုံမှု အားကောင်းခြင်း၊ ဒီဇိုင်းဆန်းသစ်လှပခြင်းတို့နဲ့အတူ အောင်မြင်တဲ့နေရာတစ်ခုကိုရယူထားနိုင်တာဖြစ်ပါတယ်။ Wordpress ရဲ့ သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ Wordpress ဟာ ၂၀၀၃ ခုနှစ် မေလ ၂၇ ရက်နေ့မှာ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ 3.4.1 အထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။OS မှာတော့ Cross-Platform အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားမှုပိုမိုစေခဲ့ပါတယ်။
                Wordpress ရဲ့ အဓိပ္ပါယ်ကိုအနီးစပ်ဆုံးသတ်မှတ်ပေးရမယ်ဆိုရင်တော့ အခမဲ့ရယူနိုင်သော Blogging Tool တစ်ခုအဖြစ်ဆိုနိုင်ပြီး၊ PHP and MySQL ပေါ်တွင်အခြေပြုသည့် CMS အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Wordpress ရဲ့အားသာချက်ကတော့ Plug-in အသုံးပြုနိုင်မှုဖြစ်ပြီး၊ များစွာလှသော Plug-in တွေကို အွန်လိုင်းမှတဆင့်အလွယ်တကူ ရယူနိုင်မှာဖြစ်ပါတယ်။ Wordpress ရဲ့အသုံးပြုမှုနှုန်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ ထိပ်တန်း Web Site တစ်သန်းကျော်ထဲက ၁၆.၇ ရာခိုင်နှုန်အးဟာ Wordpress ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ Wordpress ကို လူသုံးအများဆုံး Web CMS တစ်ခုအဖြစ် တညီတညွတ်ထဲ သတ်မှတ်ပေးထားကြပါတယ်။ Wordpress ရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက Version 3.0 ကို ဒေါင်းလုပ်ပြုလုပ်သူဦးရေ ၆၅ သန်းကျော်ရှိခဲ့ပါတယ်။
                Wordpress မှာအဓိကအနေနဲ့ပါဝင်တဲ့ Feature တွေကတော့ 1. Themes, 2. Plug-in, 3. Widgets, 4. Multi-user & Multi-Blogging, 5. Mobile နဲ့ အခြား Feature တွေကိုထည့်သွင်းပေးထား ပါတယ်။ Themes ကိုလည်း အချိန်အနည်းငယ်အတွင်းမှာပဲ မိမိအသုံးပြုချင်တဲ့ Theme ကိုပြောင်းလဲနိုင်မှာဖြစ်ပြီး၊ အခမဲ့ရော အခပေးပါ ရယူနိုင်မယ့် Theme များစွာကို အွန်လိုင်းမှတဆင့်ရရှိနိုင်မှာဖြစ်ပါတယ်။  Plug-in ကတော့ Wordpress ရဲ့ အောင်မြင်မှုကိုဖန်တီးပေးတဲ့အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ Plug-in အရေအတွက်များပြားတဲ့ Wordpress ဟာ Plug-in ပေါင်း ၁၈၀,၀၀၀ ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ Widgets ကတော့ Drag and Drop Slide Bar တွေမှာထည့်သွင်းနိုင်မယ့် Content အမျိုးအစားကိုဆိုလိုပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ Website အတွင်းမှ Facebook Like Box လိုမျိုးကိုဆိုလိုပါတယ်။

Joomla

                Web CMS မှာ Wordpress ရဲ့အကောင်းဆုံးပြိုင်ဖက်တွေထဲက တစ်ခုကိုညွှန်းပါဆိုရင်တော့ Joomla ကိုပဲ ညွှန်းဆိုရမှာဖြစ်ပါတယ်။ Joomla စတင်ခဲ့တာကတော့ Wordpress ပေါ်ထွက်ပြီး ၂ နှစ်အကြာ ၂၀၀၅ ခုနှစ် သြဂုတ် လမှာဖြစ်ပါတယ်။ Stable Version အနေနဲ့ကတော့ v 2.5.6 ကိုရောက်ရှိနေပြီဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ OS အနေနဲ့ကတော့ Cross Platform အမျိုးအစားဖြစ်ပြီး၊ ဖိုင်ပမာဏကတော့ Compress မပြုလုပ်မှီမှာ 20.9 MB နဲ့ Compress ပြုလုပ်ပြီးမှာတော့ 7.6 MB ရှိပါတယ်။
                Joomla ဟာ အခမဲ့ရယူနိုင်မယ့် CMS Package အမျိုးအစားတစ်ခုဖြစ်ပြီး၊ Wordpress နည်းတူ PHP နဲ့ရေးသားထားတဲ့ CMS တစ်ခုလည်းဖြစ်ပါတယ်။ Joomla မှာလည်း အားသာချက်အချို့ကိုမြင်တွေ့နိုင်ပြီး Feature များ ဆန်းသစ်ခြင်းဟာလည်း Joomla ကိုသုံးစွဲသူတွေနှစ်သက်စေတာဖြစ်ပါတယ်။ RSS Feeds, Blogs, Polls, Search နဲ့ Language Internationalization တို့ဟာ Joomla ရဲ့ Feature တွေထဲက အားသာချက်အချို့ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မတ်လမှာတော့ မှတ်တမ်းများအရ Joomla ကို ရယူသုံးစွဲသူပေါင်း သန်း ၃၀ ကျော်ခဲ့ပါတယ်။ Joomla ရဲ့ Extension ပေါင်း  ၁၀,၀၀၀ ကျော်ကို Official Joomla Site အတွင်းမှ အခမဲ့ရယူနိုင်မှာဖြစ်ပြီး၊ သက်ဆိုင်ရာ Source အသီးသီးမှာလည်းသွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများကိုစာရင်းကောက်ခံမှုအရတော့ Joomla ဟာ အသုံးပြုသူ ဒုတိယအများဆုံး CMS တစ်ခုအဖြစ်ရပ်တည်နေပါတယ်။
                Joomla မှာ Template တစ်ခုဟာအဓိကအကျဆုံးလို့ဆိုနိုင်ပါတယ်။ Joomla ရဲ့ပုံစံဟာ ကျစ်လစ်တဲ့ ပုံသဏ္ဍာန်ကိုမြင်တွေ့နိုင်ပြီး၊ ဆန်းသစ်တဲ့ခံစားမှုမျိုးကိုလည်းရရှိစေပါတယ်။ အားနည်းချက်အပိုင်း ကတော့ Joomla ဟာ လုံခြုံမှုဆိုင်ရာပိုင်းမှာအားနည်းချက်တွေကိုတွေ့ရပြီး၊ အဆိုပါ အကြောင်းအရာကပဲ Joomla ကို ဒုတိယနေရာကိုရောက်ရှိစေတာဖြစ်ပါတယ်။ Joomla Site တစ်ခုရဲ့ Laylout ပိုင်းကတော့ Template မှာပဲ အဓိက ကျပါတယ်။ Template အတွင်းမှာပဲအခြား Component, Module နဲ့ Plug-in တွေကိုထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။ Joomla ရဲ့အားသာချက်တစ်ခုအနေနဲ့က Template Design ကိုတော့ လိုသလိုအရောင်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ Image နဲ့ Fonts ပိုင်းမှာလည်းအားသာချက်တွေကို တွေ့ရပါတယ်။

Drupal

                Drupal အကြောင်းကိုတော့ နည်းပညာလေ့လာသူတွေကြားဖူးကြမယ့်နာမည်တစ်ခုဖြစ်ပါတယ်။ Drupal ဟာလည်း အခမဲ့ရယူအသုံးပြုနိုင်မယ့် Web CMS အမျိုးအစားတစ်ခုဖြစ်ပြီး၊ PHP နဲ့ ရေးသားထားတာဖြစ်ပါတယ်။ Drupal ဟာ ၂၀၀၁ ခုနှစ် ဇန်န၀ါရီကတည်းက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ v 7.15 ကိုရောက်ရှိနေပြီဖြစ်ပြီး၊ အရွယ်ပမာဏအနေနဲ့ကတော့ 2.93 MB ပမာဏသာရှိပါတယ်။ Drupal ဟာလည်းအသုံးပြုသူအရေအတွက်များပြားပြီး Web Site တွေအားလုံးရဲ့ ၂.၁ ရာခိုင်နှုန်းက Drupal ကိုအသုံးပြုကြပါတယ်။ Drupal ကိုအသုံးပြုသူအနေနဲ့ကတော့ အမျိုးမျိုးမြင်တွေ့ရပြီး ကိုယ်ပိုင် Blog ရေးသားသူများအပါအ၀င်၊ ဆေးရုံ၊ ယဉ်ကျေးမှု၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများနဲ့ အစိုးရဆိုင်ရာအထိ အသုံးပြုတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ whitehouse.gov နဲ့ အင်္ဂလန်ရဲ့ data.gov.uk တို့ဟာ Drupal အသုံးပြု ထားတဲ့ Web Site များပဲဖြစ်ပါတယ်။
                Drupal မှာ အခြေခံကျတဲ့ CMS Feature တွေကိုအပြည့်အစုံမြင်တွေ့ရပါတယ်။ User Account အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ Menu ပြင်ဆင်ခြင်း၊ RSS Feeds, Layout ပိုင်း ပြုပြင်ခြင်း၊ System ပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းအစရှိတဲ့ အခြေခံအချက်အလက်တွေကို ပြည့်စုံအောင်ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့လည်း Drupal ကို တစ်ဦးတစ်ယောက်သုံး Blog တစ်ခုမှ အများသုံး Blog တစ်ခုအဖြစ်နဲ့လည်းကောင်း၊ Internet Forum တစ်ခုအဖြစ်နဲ့လည်းကျောင်းအသုံးပြုလေ့ရှိကြပါတယ်။ Drupal ရဲ့အားသာချက်တစ်ခုအနေနဲ့ကတော့ Drupal နဲ့ Web Site တည်ထောင်သူဟာ Programming Skills မလိုအပ်ပဲ Basic Web Site Installation အပိုင်းနဲ့ Management ပိုင်းကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
                Drupal ဟာ ၂၀၁၃ ခုနှစ်ရဲ့ သြဂုတ်လမှာ v 8.0 ကိုဖြန့်ချိနိုင်ဖို့အတွက် ယခုအချိန်ကတည်းကပြင်ဆင်နေပြီဖြစ်ပါတယ်။ Drupal ရဲ့အားသာချက်တွေကိုထပ်ပြီးဖော်ပြပေးရမယ်ဆိုရင် Drupal Site တစ်ခုဟာဆိုရင် Site Admin ရဲ့သဘောထားအတိုင်းပြင်ဆင်နိုင်မှာဖြစ်ပြီး၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ Drupal ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Drupal ရဲ့အသုံးပြုသူအများစုဟာ Site ကို ပုံစံအမျိုးမျိုးနဲ့ပြောင်းလဲအသုံးပြုတာကိုတွေ့ရပြီး၊ Drupal ကို အကောင်းမွန်ဆုံး အနေအထားနဲ့ မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။

MODx

                MODx အကြောင်းကိုတော့ သိရှိသူအနည်းငယ်ခန့်သာရှိနိုင်ပြီး၊ CMS အမျိုးအစားတစ်ခုဖြစ်ပါတယ်။ MODx CMS Project ကို ၂၀၀၄ ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး၊ အပြောင်းအလဲများစွာကနေ MODx ကို ဖန်တီးရေးဆွဲ ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ MODx ဟာ v 2.2.4 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ OS အနေနဲ့ကတော့ Cross Platform အမျိုးအစားဖြစ်ပြီး၊ PHP နဲ့ရေးထားတဲ့ CMS အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ MODx ဟာ ၂၀၀၇ ခုနှစ်က Packt Publishing’s ကပေးအပ်တဲ့ Open Source Content Management System ဆိုကိုရရှိခဲ့ပါတယ်။
                MODx ဟာ ၂၀၁၀ ခုနှစ်မှာ MODx Revolution ကိုရေးသားဖြန့်ချိပေးခဲ့ပါတယ်။ အသုံးပြုသူအများစုရဲ့ မှတ်ချက်ကောင်းများစွာနဲ့အတူ MODx ကိုအသုံးပြုသူများစွာပေါ်ထွက်လာခဲ့တဲ့ အချိန်ကာလ တစ်ခုလည်းဖြစ်ပါတယ်။ MODx ရဲ့ တည်ဆောင်ပုံနဲ့ Feature များဟာစနစ်ကလွန်းတဲ့အတွက်ကြောင့် လုပ်ငန်းသုံးဆိုင်ရာ Web Site များနဲ့ အစိုးရဆိုင်ရာ Web Site များအထိ အသုံးပြုတာကိုတွေ့ရပါတယ်။ Translation and Community ပိုင်းမှာလည်း နိုင်ငံ တကာက ဘာသာစကားများစွာနဲ့အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
                MODx ဟာ နည်းပညာရှင်များစွာရဲ့ထောက်ခံချက်ကိုအပြည့်အ၀ရရှိတဲ့ CMS အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူရိုးရှင်းတာဟာ MODx ရဲ့သွင်ပြင်တစ်ခုလို့ဆိုနိုင်ပြီး၊ လုံခြုံမှုပိုင်းဆိုင်ရာ မှာလည်းအားကောင်း လှတာကိုတွေ့ရပါတယ်။ MODx ရဲ့ တည်ဆောက်ပုံအရ Blogger များရဲ့အကြိုက်ဖြစ်စေပြီး၊ end-user များအတွက်လည်း အဆင်ပြေစေမယ့် လုပ်ဆောင်ချက်တွေကိုထည့်သွင်းပေးထားပါတယ်။
               
               

No comments:

Post a Comment

Pandora Dream ရဲ့ရေးသားမှုများ....